International News

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြို့တော်အနှံ့လှည့်လည်ရောင်းချရန် မိုဘိုင်းသစ်သီးစတိုးအား စတင်မိတ်ဆက်

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် Thong Fah ဈေးနှုန်းချိုသာသော သစ်သီးအရောင်းဆိုင်များကို Pick up ကားများဖြင့် လှည့်လည်ရောင်းချသည့် မိုဘိုင်းသစ်သီးစတိုးအရောင်းဆိုင်များကို စတင်မိတ်ဆက်ခဲ့ပါသည်။ ၎င်းမှာ သစ်သီးများဆွတ်ခူးသည့် ရိတ်သိမ်းရာသီအတွင်း အလျှံအပယ်ပေါများနေသော သစ်သီးများ ကို ရှင်းလင်းရေးအတွက် နောက်ဆုံးပေါ် ကြိုးပမ်းဆောင်ရွက်မှုတစ်ရပ် ဖြစ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Mr.Jurin က မိုဘိုင်းသစ်သီးဝလံစတိုးအရောင်းဆိုင်အစပျိုးဆောင်ရွက်ချက်မှာ Talaad Thai လက်ကား ဈေးနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗန်ကောက်မြို့ရှိ လမ်းတလျှောက်နှင့် လူမှုအသိုင်းအဝန်းတစ်လျှောက် လိုက်လံရောင်းချမည့် မိုဘိုင်းသစ်သီးဝလံ အရောင်းကား ၃၅၀ ဖြင့် စတင်နေပြီဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

သစ်သီးဝလံများအပြင် အဆိုပါ မိုဘိုင်းစတိုးအရောင်းဆိုင်များတွင် ဟင်းသီးဟင်းရွက်များနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ရောင်းချမည်ဖြစ်ပါသည်။ Talaad Thai ဈေးကွက်၏ လုပ်ငန်းရှင်ကုမ္ပဏီဖြစ်သော Thai Agro Exchange Co., ကုမ္ပဏီ၏ အမှု ဆောင်ကော်မတီဝင် ဒုတိယဉက္ကဌ Chokchai Kolsrichai က ကုမ္ပဏီအနေဖြင့် အလုပ်လက်မဲ့များအား အလုပ်အကိုင်များ ဖန်တီးပေးနေခြင်းဖြစ်ကြောင်း၊ သို့တည်းမဟုတ် အများပြည်သူဖြင့် မိုဘိုင်းစတိုးအရောင်းဆိုင်များ လည်ပတ်နိုင်အောင် ဖန်တီးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကပ်ရောဂါကာလအတွင်း လူအများအိမ်မှာနေစဉ် လိုအပ်သော လတ်ဆတ်သည့်အစားအစာများအားရရှိနိုင်စေရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယခုဈေးကွက်ကို သူဌေးကြီးနှင့် ယခင်နိုင်ငံရေးသမားဟောင်း Pradit Phataraprasit ကပိုင်ဆိုင်ခြင်းဖြစ်ပါသည်။ Talaad Thai ရှိ လတ်ဆတ်သော အစားအစာများ၊ ဟင်းသီးဟင်းရွက်များနှင့် ကုန်ပစ္စည်းမျိုးစုံတို့အား ဝယ်ယူရန်စိတ်ပါဝင်စားသူများအနေဖြင့် ကိုယ်ပိုင်ထရပ်ကားနှင့်အတူ ဘတ်ငွေ (၈,၀၀၀) မှ (၁၅,၀၀၀) အကြား ရှိရန်လိုအပ်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုမှ တစ်နေ့တာ ပြန်ရချက်အနေဖြင့် နေ့စဉ်ပျှမ်းမျှ ဘတ်ငွေ (၂,၀၀၀) ဖြစ်ပါသည်။

မိုဘိုင်းကုန်စုံဆိုင်ရောင်းချသူ (၅၀၀) ခန့်သည် တစ်နေ့လျှင် Talaad Thai ဈေးမှ  လတ်ဆတ်သော အစားအစာများ၊ သစ်သီးဝလံများနှင့် ကုန်စုံများ လာရောက်ဝယ်ယူ ကြကြောင်း၊ ၎င်းတို့အနေဖြင့် အဆိုပါကုန်ပစ္စည်းများကို ဗန်ကောက်အပြင်ဖက်ရှိ Pathum Thani၊ Samut Prakan၊  Nonthaburi ကဲ့သို့သော ဆင်ခြေဖုံးဒေသများရှိ လူများကို ပြန်လည်ရောင်းချကြခြင်း ဖြစ်ပါသည်။

Mr. Chokchai က မိုဘိုင်းကုန်စုံဆိုင်များ ရောင်းဝယ်ဖေါက်ကားမှု တိုးတက်လာမှုသည် အိမ်တွင် ချက်ပြုတ်စားသောက်ကြသူများနှင့် ဝယ်ယူသူများကို ပိုမိုအားဖြည့် ပေးခြင်းအပြင် အလုပ်လက်မဲ့များနှင့် လယ်သမားများနှင့် စားသုံးသူများကို ယခုကဲ့သို့ခက်ခဲသောကာလတွင် အကူအညီပေးရန် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့အပြင် မိုဘိုင်းကုန်စုံဆိုင်အပြင် ယခုနှစ်အတွက် ရာသီအလိုက် သစ်သီးဝလံများကိုရောင်းချရန် မိုဘိုင်းထရပ်ကားရောင်းချသူများအား ထပ်မံစုဆောင်းရန် စီစဉ်ထား ပါသည်။ မိုဘိုင်းသစ်သီးကုန်စုံစတိုးဆိုင်သည် ဧပြီလမှ ဇူလိုင်လအထိ ဝန်ဆောင်မှုပေးလိမ့်မည်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တရုတ် နိုင်ငံမှဝယ်ယူမှု သိသိသာသာကြီး ကျဆင်းသွားခြင်းကြောင့် ယခုနှစ်တွင် တစ်နိုင်ငံလုံးသို့သစ်သီးဝလံများ အလျှံအပယ် ဖြန့်ဖြူးနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း Mr.Chokchai ကပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာနအနေဖြင့် သစ်သီးဝလံစီမံခန့်ခွဲကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝန်ကြီးဌာနသည် ယခုလနောက်ပိုင်းတွင် အွန်လိုင်းပလက်ဖေါင်း (Online Platforms) များမှတစ်ဆင့် သစ်သီးဝလံများ ပြည်ပတင်ပို့ရောင်းချမှုကို မြှင့်တင်ဆောင်ရွက်သွားရန်လည်း စီစဉ်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News